Skip to main content

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာ (၁၃၈၃ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့)

၁၃၈၃ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့

ချစ်ခင်လေးစားရပါသော မြန်မာပြည်သူပြည်သားအပေါင်းတို့ ခင်ဗျား

ယနေ့ မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့တွင် ကျရောက်သည့် (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခါသမယ၌ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသော ပြည်ထောင်စုဖွား တိုင်းရင်းသားပြည်သူများအားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာပြီး ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည်စုံကြပါစေကြောင်း နှုတ်ခွန်းဆက်သအပ်ပါသည်။

ယနေ့သည် အတိတ်ခေတ်မြန်မာ့ဂုဏ်ရည်ကို ပြန်ပြောင်းသတိရ ဂုဏ်ယူကြရမည့် အမျိုးသားအောင်ပွဲနေ့ ဖြစ်ပါသည်။ အနာဂတ် နိုင်ငံတော်ကြီး ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် ဆောင်ရွက်လိုသည့် အားသစ်အင်သစ်များ တိုးပွားလာစေသည့် နေ့ထူးနေ့မြတ်ဖြစ်ပါသည်။ အမျိုးသားအောင်ပွဲနေ့သည် မြန်မာတစ်မျိုးသားလုံး၏ မျိုးချစ်စိတ်နှင့် ဇာတိမာန်ကို ဖော်ကျူးပြသနိုင်သည့် နေ့တစ်နေ့လည်း ဖြစ်ပါသည်။

မြန်မာတို့သည် ရှေးနှစ်ပေါင်းများစွာကပင် ကိုယ်ပိုင်ယဉ်ကျေးမှု ဓလေ့ထုံးစံများနှင့်အညီ ကိုယ့်ထီးကိုယ့်နန်း ကိုယ့်ကြငှန်းဖြင့် အုပ်ချုပ်နေထိုင်သည့် နိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။ သို့သော် ၁၈၈၅ ခုနှစ် နယ်ချဲ့ဗြိတိသျှ ကိုလိုနီလက်အောက်ကျရောက်ခဲ့သည့်အချိန်မှစပြီး ကိုယ်ပိုင်ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ၊ မြန်မာ့ပညာရေးတို့သည် အောက်တန်းနောက်တန်း ကျရောက်ခဲ့ရပါသည်။ မျိုးချစ်စိတ်နှင့် သူရသတ္တိရှိသူများက ဆန့်ကျင်တိုက်ပွဲများ ဆင်နွှဲကြသော်လည်း နည်းပညာ၊ ခေတ်မီလက်နက်နှင့် အတွေ့အကြုံများနည်းပါးခြင်း၊ စနစ်တကျစုစည်းဆောင်ရွက်မှု အားနည်းခြင်းတို့ကြောင့် အောင်မြင်မှုနှင့် အလှမ်းဝေးခဲ့ကြရပါသည်။ ကိုလိုနီနယ်ချဲ့တို့သည် ၎င်းတို့၏ အုပ်ချုပ်ရေးယန္တရားနှင့် လိုက်လျောညီထွေဖြစ်မည့် ကိုလိုနီပညာရေးစနစ်ကို စီမံဖန်တီးခဲ့ကြပါသည်။ ဤသို့ဖြင့် မြန်မာ့ပညာရေးနိမ့်ပါးကာ ကျွန်ပညာရေးစနစ်အောက်တွင် မြန်မာတစ်မျိုးသားလုံး ဆင်းရဲဒုက္ခအတိရောက်ခဲ့ကြပါသည်။

၁၉၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလတွင် ရန်ကုန်တက္ကသိုလ်အက်ဥပဒေကို မြန်မာပြည်သူများ အလိုဆန္ဒနှင့် ဆန့်ကျင်ပြီး နယ်ချဲ့အစိုးရက အတင်းအကျပ်ပြဋ္ဌာန်းခဲ့ကြပါသည်။ ထိုသို့ဆောင်ရွက်ခြင်းကို ၁၉၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၅ ရက် (မြန်မာသက္ကရာဇ် ၁၂၈၂ခု၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်) တွင် ဆန့်ကျင်ကန့်ကွက်ခဲ့ရာမှ ထိုနေ့ကို ဂုဏ်ပြုသောအားဖြင့် အမျိုးသားအောင်ပွဲ နေ့ဟု သတ်မှတ်ခဲ့ခြင်းဖြစ်ပါသည်။

ယနေ့သည် အမျိုးသားရေးစိတ်ဓာတ်ကို အခြေခံပြီး အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားစေရန်အတွက် အမျိုးသားပညာရေးလှုပ်ရှားမှုကို စတင်ဆောင်ရွက်ခဲ့သည့် (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ဖြစ်ပါသည်။ နိုင်ငံသားတိုင်းသည် မျိုးချစ်စိတ်မြင့်မားရေးနှင့် ပြည်ထောင်စုစိတ်ဓာတ်ခိုင်မြဲရေးအတွက် ခိုင်မာသည့် ပညာရေးအခြေခံကောင်းများရှိရန် လိုအပ်ပါသည်။

ယနေ့ခေတ်သည် သတင်းအချက်အလက်နည်းပညာခေတ်ဖြစ်သည့်အလျောက် ပြည်ပနိုင်ငံများမှ ထိုးဖောက်ဝင်ရောက်လာသည့် ယဉ်ကျေးမှုများနှင့် အတွေးအခေါ်များကို နှိုင်းချင့်ဝေဖန်သုံးသပ်ပြီး အမျိုးသားရေးစရိုက်လက္ခဏာများ မပျောက်ပျက်ရန်၊ ခိုင်မာသည့် အမျိုးသားစိတ်ဓာတ်နှင့် စစ်မှန်သည့် ပြည်ထောင်စုစိတ်ဓာတ်၊ မှန်ကန်သော မျိုးချစ်စိတ်ဓာတ်များရှိရန် အထူးလိုအပ်လျက်ရှိပါသည်။

နိုင်ငံတော်အနေဖြင့် နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေးပြုပြင်ပြောင်းလဲမှု အခြေခံအုတ်မြစ်များကို ချမှတ်နိုင်ခဲ့ပြီး ပြုပြင်ပြောင်းလဲမှုများကို အစွမ်းရှိသမျှ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ပြုပြင်ပြောင်းလဲမှုများတွင် ပညာရေးပြောင်းလဲမှုများသည် အဓိက အခန်းကဏ္ဍမှ ပါဝင်လျက်ရှိပြီး နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည် ပညာရေးဖွံ့ဖြိုး တိုးတက်မှုအပေါ် အမှီပြုလျက်ရှိနေသဖြင့် ပညာရေးဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် စီမံဆောင်ရွက်လျက်ရှိပါသည်။

ထို့အတူ တိုင်းရင်းသားအားလုံး၏ ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှု၊ အနုပညာ၊ ရိုးရာဓလေ့၊ သမိုင်းအမွေအနှစ်များ၏ အနှစ်သာရများကို တန်ဖိုးထားထိန်းသိမ်းမြှင့်တင်ပေးလျက်ရှိပါသည်။ မှန်ကန်သော အတွေးအခေါ်၊ ကောင်းမွန်သော အကျင့်စာရိတ္တတို့ဖြင့်ပြည့်စုံသည့် လူ့စွမ်းအားအရင်းအမြစ်များကို ပြုစုပျိုးထောင်ပေးပြီး ခေတ်စနစ်၏ လိုအပ်ချက်များနှင့်အညီ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်နိုင်သော ပညာရေးစနစ်ဖြစ်ပေါ်ရေးအတွက် အမျိုးသားရေးတာဝန်အဖြစ် ဆောင်ရွက်ပေးကြရန် တိုက်တွန်းမှာကြားလိုပါသည်။

နိုင်ငံတော်၏ နိုင်ငံရေးတည်ငြိမ်မှု၊ အေးချမ်းသာယာမှု၊ စည်းလုံးညီညွတ်မှု၊ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှု၊ ပြည်သူများ စားဝတ်နေရေးဖူလုံမှု၊ ယဉ်ကျေးမှုအမွေအနှစ်နှင့် အစဉ်အလာကောင်းများကို ထိန်းသိမ်းစောင့်ရှောက်မှုသည် ပညာရေးမှ လေ့ကျင့်ပျိုးထောင်ပေးလိုက်သည့် မျိုးချစ်စိတ်ကို အခြေခံသည့် အသိပညာ၊ အတတ်ပညာများသာ ဖြစ်ပါသည်။

အခြေခံပညာ၊ အဆင့်မြင့်ပညာ၊ နည်းပညာနှင့် သက်မွေးပညာတို့ကို သင်ယူလေ့ကျင့်ရာတွင် မြန်မာ့ရေမြေ သဘာဝနှင့် ကိုက်ညီပြီး နိုင်ငံတကာ အဆင့်မီစေရေးအတွက် စီမံဆောင်ရွက်လျက်ရှိ သကဲ့သို့ အထူးပညာရေး အစီအစဉ်နှင့် လူတိုင်းအကျုံးဝင် ပညာရေးအစီအစဉ်များဖြင့် နိုင်ငံသားတစ်ဦးတစ်ယောက်မကျန် ပညာသင်ယူခွင့် ရရှိရေးကိုလည်း အလေးပေး ဆောင်ရွက်လျက်ရှိပါသည်။

တက္ကသိုလ်များတွင် ပညာရပ်ဝန်းကျင်ကောင်းများ ပေါ်ထွန်းရေးကို ဆောင်ရွက်ပေးပြီး စည်းကမ်းရှိသော မျိုးချစ်စိတ်ရှိသော အခက်အခဲနှင့် စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှားနိုင်သည့် စွမ်းရည်ပြည့်ဝ နှလုံးလှသည့် ပညာတတ်များ ပေါများလာစေရန် လေ့ကျင့်ပျိုးထောင်ပေးလျက်ရှိပါသည်။ စွမ်းရည်ပြည့်ဝသော ခေတ်ပညာတတ် လူငယ်လူရွယ်များ ပေါ်ထွက်လာရေးအတွက် နိုင်ငံတော်သည် အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ဆောင်ရွက်နေပါသည်။ ကျောင်းမှန်မှန်တက်၊ စာမှန်မှန်ကျက် စာမေးပွဲအောင်ရုံဖြင့် ပညာတတ်သည်ဟု အပြည့်အဝ မဆိုနိုင်ပါ။ အကောင်းအဆိုး အကြောင်းအကျိုး အမှားအမှန် ခွဲခြားနိုင်ပြီး လက်တွေ့နယ်ပယ်တွင် ဉာဏ်နှင့်ယှဉ်ကာ အောင်မြင်အောင် စွမ်းဆောင်နိုင်မှသာ တကယ့်ပညာတတ်အစစ် ဖြစ်ပါမည်။ မိမိတို့ သင်ကြား တတ်မြောက်ထားသော ပညာရပ်ကို တိုင်းရင်းသား ပြည်သူများ၊ လူမှုဘဝတိုးတက်အောင် စွမ်းဆောင်ကြရမည်ဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် နေ့စဉ်လူမှုဘဝတွင် အသုံးချနိုင်မည့် အသက်မွေးဝမ်းကျောင်း ပညာရပ်များ ပိုမိုလေ့လာ သင်ယူကြရပါမည်။ မိမိ၏ မှန်ကန်သော မျိုးချစ်စိတ်ဖြင့် အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားအောင် စွမ်းဆောင်နိုင်ကြရမည်ဖြစ်ပြီး တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ရင်းနှီးချစ်ခင်ပြီး စိတ်ရင်းစေတနာအမှန်ဖြင့် ကူညီစောင့်ရှောက်တတ်သူများ ဖြစ်လာ စေရန် ကြိုးပမ်းကြရမည်ဖြစ်ပါသည်။

ပြည်ထောင်စုသားတိုင်းက ၂၀၂၁ ခုနှစ် (၁၀၁) နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ ဖြစ်သော -

(က) တိုင်းရင်းသားပြည်သူတစ်ရပ်လုံး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၊

(ခ) ပြည်ထောင်စုတစ်ဝန်းလုံး လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာအဆင့်မြှင့်တင်ဆောင်ရွက်ရေး၊

(ဂ) မျိုးချစ်စိတ်ဓာတ်ကို အရင်းခံသည့် ပြည်ထောင်စုစိတ်ဓာတ် ထာဝစဉ်ရှင်သန်ထက်မြက်ရေး၊

(ဃ) တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းစွာဖြင့် တိုင်းရင်းသားပေါင်းစုံ အတူတကွ ယှဉ်တွဲနေထိုင်ရေးတို့နှင့်အညီ အလေးထား ကြိုးစားဆောင်ရွက်ကြရန်လိုအပ်ပါသည်။

တိုင်းရင်းသားပြည်သူများအနေဖြင့် အမိနိုင်ငံတော်ကြီးကို အမှန်တကယ် ချစ်မြတ်နိုးပြီး အချင်းချင်း သံသယစိတ်ကင်းရှင်းစွာဖြင့် အပြန်အလှန် လေးစားညီညွတ်လျက် အနာဂတ်နိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိတ်ကောင်းစေတနာ အပြည့်ဇွဲလုံ့လအပြည့်ဖြင့် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါသည်။

အချုပ်အားဖြင့် ဤသို့ထူးခြားလေးမြတ်လှသည့် အမျိုးသားအောင်ပွဲနေ့ အခါသမယ၌ “နိုင်ငံတော်သာယာဝပြောဖို့၊ တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်စို့” ဟူသော (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဆောင်ပုဒ်နှင့်အညီ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက ဘိုးဘွားအမွေ ဖြစ်သော ပြည်ထောင်စု နိုင်ငံတော်ကြီးကို အမျိုးသားရေးစိတ်ဓာတ်ဖြင့် အလေးထားကာကွယ်စောင့်ရှောက်ပြီး ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်သွားကြရန် လေးစားစွာတိုက်တွန်းနှိုးဆော်အပ်ပါသည်။