Skip to main content

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံမှ ၂၀၂၁ ခုနှစ်၊ (၇၄) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားသို့ ပေးပို့သောသဝဏ်လွှာ (၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်)

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်

ချစ်ကြည်လေးစားအပ်ပါသော ပြည်ထောင်စုဖွား တိုင်းရင်းသားညီအစ်ကို မောင်နှမများ ခင်ဗျား -

ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံသော (၇၄) နှစ်မြောက် ပြည်ထောင်စုနေ့ အခါသမယတွင် ပြည်ထောင်စုဖွား တိုင်းရင်းသားသွေးချင်း ညီအစ်ကိုမောင်နှမများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းပြီး ကောင်းကျိုးချမ်းသာအဖြာဖြာနှင့် ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက် နှုတ်ခွန်းဆက်သအပ်ပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏သမိုင်းကြောင်းကို ပြန်ပြောင်းသုံးသပ်ကြည့်လျှင် တိုင်းရင်းသားသွေးချင်းများ၏ ချစ်ကြည်စုစည်းမှုကို တည်ဆောက်နိုင်သည့် ကာလများတွင် နိုင်ငံ့အင်အား တောင့်တင်းခိုင်မာ၍ စည်ပင်သာယာဝပြောခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့်တိုင်းရင်းသားသွေးချင်းများကြားတွင် စည်းလုံးညီညွတ်မှုလျော့ပါးခဲ့သည့် ကာလများတွင်မူ နိုင်ငံ့အင်အားဆုတ်ယုတ်ခဲ့ပြီး နောက်ဆုံးတွင် သူ့ကျွန်ဘဝကျရောက်ခဲ့ရသည်ကို ကြုံတွေ့ခဲ့ရပြီး ဖြစ်ပါသည်။ သူ့ကျွန်ဘဝတွင် နယ်ချဲ့အုပ်စိုးသူတို့က ၎င်းတို့၏ စိုးမိုးခြယ်လှယ်မှု အဓွန့်ရှည်တည်တံ့စေရေးအတွက် တိုင်းရင်းသားသွေးချင်းတို့ကြားတွင် အမျိုးမျိုးသွေးခွဲသပ်လျှိုခဲ့ကြခြင်းကြောင့် တိုင်းရင်းသားများ၏ စည်းလုံးညီညွတ်မှုလျော့ပါးခဲ့ရပြီး ပြည်ထောင်စုစိတ်ဓာတ်ပြိုကွဲခဲ့ရသည်မှာလည်း သတိပြုဆင်ခြင်ဖွယ် သမိုင်းသင်ခန်းစာတစ်ရပ်ပင် ဖြစ်ပါသည်။

ဆုံးရှုံးခဲ့ရသော နိုင်ငံ့လွတ်လပ်ရေး ပြန်လည်ရရှိရန်အတွက် တိုင်းရင်းသားပြည်သူများသည် နိုင်ငံ့တပ်မတော်နှင့်အတူ လက်တွဲကာ အသက်ပေါင်းများစွာပေး၍ မလျှော့သောဇွဲလုံ့လဖြင့် အခက်အခဲများစွာကို ရင်ဆိုင်ဖြတ်သန်းကြိုးပမ်းခဲ့ကြပါသည်။ ထိုသို့ကြိုးပမ်းရာတွင် နိုင်ငံ့ခေါင်းဆောင်များ၏ ဖြောင့်မတ်တည်ကြည်သည့် ဦးဆောင်မှုဖြင့် တိုင်းရင်းသားညီအစ်ကိုမောင်နှမများအကြား ချစ်ကြည်သွေးစည်းမှုနှင့် ပြည်ထောင်စုစိတ်ဓာတ်ကို အခိုင်အမာပြန်လည်တည်ဆောက်နိုင်ခဲ့ကြပါသည်။ ယင်းသို့သော ပြည်ထောင်စုစိတ်ဓာတ်အရင်းခံသည့် သွေးစည်းညီညွတ်မှု၏ အထိမ်းအမှတ်သက်သေအဖြစ် တောင်တန်းနှင့်တစ်ပေါင်းတစ်စည်းတည်း လွတ်လပ်ရေးရယူကြရန်သန္နိဋ္ဌာန်ဖြင့် ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးနိုင်ခဲ့ကြပါသည်။ ထိုသို့ တိုင်းရင်းသားသွေးချင်းတို့၏ ပြည်ထောင်စုစိတ်ဓာတ်ကိုသက်သေထူနိုင်ခဲ့သည့် ဖေဖော်ဝါရီလ (၁၂) ရက်နေ့ကို ပြည်ထောင်စုနေ့အဖြစ် သမိုင်းမော်ကွန်းတင်သတ်မှတ်ဂုဏ်ပြုခဲ့ကြသည်မှာ ယနေ့ဆိုလျှင် (၇၄) နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်ပါသည်။

ချစ်ကြည်လေးစားအပ်ပါသော ပြည်ထောင်စုဖွားတိုင်းရင်းသား ညီအစ်ကို မောင်နှမများ ခင်ဗျား -

ပင်လုံစာချုပ်၏အသီးအပွင့်ရလဒ်အဖြစ် တောင်တန်းနှင့်မြေပြန့်ဒေသများ ညီညွတ်ပေါင်းစည်းပြီး တပ်မတော်နှင့်အတူ မြန်မာ့လွတ်လပ်ရေးကို ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့တွင် ပြန်လည်ရယူနိုင်ခဲ့ကြပါသည်။ ယင်းသို့ နိုင်ငံတော်တစ်ဝန်းလုံး စုစုစည်းစည်းဖြင့် လွတ်လပ်ရေးကို ပြန်လည်ရယူပေးနိုင်ခဲ့သည့် ပြည်ထောင်စုစိတ်ဓာတ်ကို တိုင်းရင်းသားသွေးချင်းများအကြား ထာဝစဉ်ကိန်းအောင်းတည်တံ့စေရန် ဆက်လက်ထိန်းသိမ်းကာ ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး အဓွန့်ရှည်တည်တံ့ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို မမှိတ်မသုန် ဆက်လက်ကြိုးပမ်းသွားကြရမည် ဖြစ်ပါသည်။

လွတ်လပ်ရေးရရှိပြီး မကြာမီမှာပင် အကြောင်းအမျိုးမျိုးကြောင့် ပြည်ထောင်စုစိတ်ဓာတ်ပြိုကွဲကာ စတင်ဖြစ်ပွားခဲ့ရသည့် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခကို ယနေ့ကာလတိုင်အောင် အပြီးတိုင် မဖြေရှင်းနိုင်သေးခြင်း၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးကို ခိုင်ခိုင်မာမာ မတည်ဆောက်နိုင်သေးခြင်းတို့ကြောင့် နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်မှု နှောင့်နှေးနေရသည်ကို တိုင်းရင်းသားညီနောင်များအားလုံး ကောင်းစွာသိမြင်ကြပြီး ဖြစ်ပါသည်။ ပြည်ထောင်စုငြိမ်းချမ်းရေးကို အပြည့်အဝဖော်ဆောင်နိုင်ခြင်း မရှိသေးသမျှ ဖွံ့ဖြိုးတိုးတက်မှု၏ အကျိုးတရားများကို ပြည်ထောင်စုသားအချင်းချင်း ဝေမျှခံစားနိုင်ရန် အခွင့်အလမ်းများ နည်းပါးနေဆဲ ဖြစ်ပါသည်။

နိုင်ငံတော်အနေဖြင့် တိုင်းရင်းသားညီနောင်များအားလုံး တန်းတူခံစားနိုင်မည့် ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုများ ဖော်ဆောင်နိုင်ရန်အတွက် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးကို ခိုင်မာသည့် သန္နိဋ္ဌာန်ဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၁၀) ဖွဲ့အထိ လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး ဖြစ်ပါသည်။ ထို့ပြင် ဘုံသဘောတူညီချက်များ ရယူနိုင်ခဲ့ပြီး ငြိမ်းချမ်းရေး ရှေ့လုပ်ငန်းစဉ်များကိုပါ သဘောတူချုပ်ဆိုနိုင်ခဲ့ပြီး ဖြစ်ပါသည်။

တပ်မတော်အနေဖြင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲပြီး ခိုင်မာသည့် ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် နိုင်ငံတစ်ဝန်းလုံးတွင် နိုင်ငံတော် ကာကွယ်ရေးနှင့် အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များမှအပ စစ်ရေးဆိုင်ရာလှုပ်ရှားမှုများကို အချိန်ကာလအပိုင်းအခြားဖြင့် ရပ်ဆိုင်းပေးလျက်ရှိပြီး ငြိမ်းချမ်းရေးဆွေးနွေးမှုများကို ပိုမိုထိရောက်စေရန် ဆောင်ရွက်လျက်ရှိပါသည်။

ချစ်ကြည်လေးစားအပ်ပါသော ပြည်ထောင်စုဖွားတိုင်းရင်းသား ညီအစ်ကို မောင်နှမများ ခင်ဗျား -

အတိတ်သမိုင်း၏ လွတ်လပ်ရေးကြိုးပမ်းမှုတွင် ပြည်ထောင်စုစိတ်ဓာတ်သည် အရင်းခံဖြစ်သလို အနာဂတ်ဒီမိုကရေစီနိုင်ငံတော်ကြီး တည်ဆောက်ရေး၏ အခြေခံအုတ်မြစ်မှာလည်း ပြည်ထောင်စုစိတ်ဓာတ်ပင် ဖြစ်ပါသည်။ တိုင်းရင်းသားညီအစ်ကို မောင်နှမများအားလုံး ညီညွတ်စွာ အချင်းချင်း အပြန်အလှန်ချစ်ခင်လေးစားမှုဖြင့် စည်းလုံးညီညွတ်သည့် ပြည်ထောင်စုကြီး တည်ဆောက်မည်ဟူသော ခိုင်မာသည့်သန္နိဋ္ဌာန်သည် ပြည်ထောင်စုစိတ်ဓာတ်ပင် ဖြစ်ပါသည်။ ငြိမ်းချမ်းတည်ငြိမ်သည့် ဒီမိုကရေစီ နိုင်ငံတော်ကြီးကို ပြည်ထောင်စုစိတ်ဓာတ်ဖြင့်သာ ခိုင်ခိုင်မာမာတည်ဆောက်မည်ဖြစ်ရာ အရည်အချင်းမြင့်မား၍ ပြည်ထောင်စုစိတ်ဓာတ်ခိုင်မာသော မျိုးဆက်သစ်များကိုလည်း ပြုစုပျိုးထောင်သွားရမည်ဖြစ်ပါသည်။

အနာဂတ်ဒီမိုကရေစီနိုင်ငံတော်ကြီးကို အောင်မြင်စွာပုံဖော်တည်ဆောက်နိုင်ရေးအတွက် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးအနေဖြင့် တည်ဆဲဥပဒေများကို လေးစားလိုက်နာကြရမည် ဖြစ်ပါသည်။ တည်ဆဲဥပဒေများ၏ အသက်သွေးကြော (Mother Law) သည် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ဖြစ်ရာ ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်း ထိန်းသိမ်းစောင့်ရှောက်ကြရမည် ဖြစ်ပါသည်။

ချစ်ကြည်လေးစားအပ်ပါသော ပြည်ထောင်စုဖွား တိုင်းရင်းသားညီအစ်ကို မောင်နှမများ ခင်ဗျား -

ဒီမိုကရေစီကိုဖော်ဆောင်ရာတွင် နိုင်ငံတော်အတွက် အရေးအကြီးဆုံးသောလုပ်ငန်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန် အရေးသုံးပါးပဲ ဖြစ်ပါသည်။ ဒို့တာဝန် အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်ရေးသည် တပ်မတော်၏ အဓိကတာဝန်ဖြစ်သည့်အတွက် နိုင်ငံတော်၏တာဝန်အရပ်ရပ်ကို တပ်မတော်အား လွှဲပြောင်းပေးထားပြီး ဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးကလည်း ဒီမိုကရေစီကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်နိုင်ရေးအတွက် ဒို့တာဝန်အရေးသုံးပါးကို လက်ကိုင်ထားပြီး တပ်မတော်နှင့်အတူ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရန် အလေးအနက်တိုက်တွန်းလိုပါသည်။

တိုင်းရင်းသားလူမျိုးစုများစွာ မှီတင်းနေထိုင်လျက်ရှိသည့် မိမိတို့နိုင်ငံအတွက် အချင်းချင်းသွေးစည်းညီညွတ်မှုရှိမှသာ ပြည်ထောင်စုကြီးမပြိုကွဲဘဲ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲမည်ဆိုသည်ကို အတိတ်သမိုင်းမှ သင်ခန်းစာရရှိခဲ့ပြီး ဖြစ်ပါသည်။ အနာဂတ်တွင်လည်း အလားတူပင် တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ၏ ကျစ်လျစ်ခိုင်မာသည့် ညီညွတ်သော စုပေါင်းအားကို ဆက်လက်ကြိုးပမ်းတည်ဆောက်သွားကြရမည်ဖြစ်ပါသည်။

မျက်မှောက်ကာလတွင် ကမ္ဘာတစ်ဝန်း၌ ရင်ဆိုင်ကြုံတွေ့နေရသော ကူးစက်မြန် ကမ္ဘာ့ကပ်ရောဂါ COVD-19 ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများကိုလည်း နိုင်ငံတော်အနေဖြင့် ဘက်ပေါင်းစုံမှ အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိသလို ဆက်လက်၍ အရှိန်အဟုန်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။

ကပ်ရောဂါကာလအတွင်း တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝများ ထိခိုက်နစ်နာမှု လျော့ပါးစေရေးနှင့်အတူ ကပ်ရောဂါဘေးအလွန်ကာလတွင်လည်း တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝများ အလျင်အမြန်ပြန်လည်ဖွံ့ဖြိုးတိုးတက်လာစေရေးတို့အတွက် နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ စည်းကမ်းတကျဆောင်ရွက်သော ညီညွတ်မှုစွမ်းအားဖြင့် ထိထိရောက်ရောက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း လေးနက်စွာဆန္ဒပြုလျက် သဝဏ်လွှာပေးပို့အပ်ပါသည်။